အရှေ့တောင်အာရှ နိုင်ငံပေါင်း (၁၀) နိုင်ငံဖြင့် စုဖွဲ့ထားသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) သည် ကမ္ဘာ့အလယ်တွင် ပထဝီအနေအထားအရ နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားရေးနှင့် လုံခြုံရေးတို့အတွက် အချက် အချာကျသည့် ဒေသတွင်း အဖွဲ့အစည်းဖြစ်သည်။ အရှေ့အာရှ နိုင်ငံများ၊ အနောက်နိုင်ငံများနှင့် အင်အားကြီး နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဥရောပသမဂ္ဂ(EU) တို့နှင့် အစုအဖွဲ့အလိုက်သော်လည်းကောင်း၊ နိုင်ငံ တစ်ခုချင်းစီ အလိုက်သော်လည်းကောင်း၊ ကဏ္ဍအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဘက်ပေါင်းစုံ အကျိုးစီးပွားအတွက် ချဉ်းကပ်ခံရသည့် ASEAN (‘အာဆီယံ’ ဟုသုံးနှုန်းသွားမည်) သည် ဒေသအတွင်း နိုင်ငံရေး ပဋိပက္ခနှင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးပြဿနာ ဖြစ်ပေါ်လာသည့်အခါ အခြားဒေသရှိ နိုင်ငံတကာ အသိုင်း အဝိုင်းက စိတ်ဝင်တစား စောင့်ကြည့်ခံလေ့ရှိသည်။ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး ပြဿနာတွေမှာလည်း သံတမန်ရေး အရ ကြားဝင်စွက်ဖက်ခံရမှုများလည်းရှိခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လျက် ရှိသည့် နိုင်ငံရေးပြဿနာ၊ ပြည်တွင်းစစ်တို့နဲ့ စပ်လျဉ်း၍လည်း နိုင်ငံတကာအသိုင်းအဝိုင်းက အာဆီယံ၏ အခန်းကဏ္ဍ ကို အလေးထားစောင့်ကြည့်လျက်ရှိပြီး သံတမန်ရေးအရ တွန်းအားပေးမှုများလည်း လုပ်လာကြသည်။
အာဆီယံသည် ဥရောပသမဂ္ဂ၊ အာဖရိကသမဂ္ဂ စသည့် အခြားသော ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် မတူသည့် အဓိကအချက်မှာ ၎င်း၏ စုဖွဲ့မှုပုံစံနှင့် ဒေသတွင်းနိုင်ငံရေး ပဋိပက္ခကို ကိုင်တွယ်ချဉ်းကပ်သည့် ပုံစံဖြစ် သည်။ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရေး၊ အဖွဲ့ဝင်နိုင်ငံ အချင်းချင်းကြား ပဋိပက္ခကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အားလုံး၏ တူညီသောသဘောဆန္ဒ ရယူ ခြင်း (Consensus) စသည်တို့သည် အာဆီယံနည်းအာဆီယံဟန် (ASEAN Way) ဟု လူသိများစေသည့် အချက် ဖြစ်သည်။ ယင်းသည် အာဆီယံစုဖွဲ့မှု စတင်ခဲ့သည့် အစဦးပိုင်းတွင်ပင် စွဲကိုင်လာခဲ့သည့် အခြေခံအယူအဆ သို့မဟုတ် အာဆီယံနည်းအာဆီယံဟန် ဖြစ်သည်။ သို့သော် လတ်တလောတွင် အချို့သောအာဆီယံ ခေါင်းဆောင် များနှင့် ပညာရှင်များ၏ ပြောဆိုသုံးသပ်ပုံများကို လေ့လာကြည့်ပါက ကြားဝင်မစွက်ဖက်ရေးမူနှင့် အများသဘောတူ ဆုံးဖြတ်ချက်ချမှတ်သည့်မူ (Consensus decision making) တို့သည် သမာရိုးကျအခြေခံအယူအဆ ဟု ယူဆကြပြီး ပြင်ဆင်ပြောင်းလဲလိုသည့် အရိပ်အယောင်များ တွေ့မြင်နေရသည်။
အာဆီယံစုဖွဲ့မှု နောက်ခံသမိုင်းနှင့် အာဆီယံနည်းအာဆီယံဟန် ဖြစ်ပေါ်လာပုံ
အာဆီယံကို ၁၉၆၇ ခုနှစ်၊ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် အရှေ့တောင်အာရှဒေသရှိ ငါးနိုင်ငံဖြင့် စတင် ဖွဲ့စည်းခဲ့သည်။ တည်ထောင်သူအဖွဲ့အဝင် နိုင်ငံအဖြစ် မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အိမ်ရှင် ထိုင်းနိုင်ငံတို့ဖြစ်ကြပြီး ထိုနိုင်ငံခေါင်းဆောင်များသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ပြီး နောက် ဘန်ကောက်ကြေညာစာတမ်း (Bangkok Declaration) ဖြင့် အာဆီယံဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ထိုကြေညာချက်အရ အာဆီယံ၏ ရည်ရွယ်ချက်တွင် ဒေသအတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒေသအတွင်းစီးပွားရေး၊ လူမှုရေးနှင့် ရိုးရာဓလေ့များ မြှင့်တင်ခြင်း၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု မြှင့်တင် ခြင်း စသည့် အရေးကြီးအချက်တို့ပါဝင်သည်။ ASEAN မတိုင်မီတွင် Association of Southeast Asia (ASA) အမည်ဖြင့် ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နှင့် မလေးရှား သုံးနိုင်ငံပါဝင်သည့် ဒေသဆိုင်ရာအစုအဖွဲ့ကို ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ASA ကို အခြေခံ၍ ၁၉၆၇ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ တိုးချဲ့မှုနှင့်အတူ ငါးနိုင်ငံပါဝင်သည့် အာဆီယံကို ဖွဲ့စည်း တည်ထောင်လာခဲ့ခြင်းဖြစ်သည်။
ASA အနေဖြင့် သော်လည်းကောင်း၊ ASEAN အနေဖြင့် သော်လည်းကောင်း မတူညီသည့် နိုင်ငံများ၏ ဒေသဆိုင်ရာစုဖွဲ့မှု ဖြစ်ပေါ်လာရသည့် အခြေခံအကြောင်းရင်းမှာ ထိုစဉ်က ကွန်မြူနစ်ဝါဒကို ပူးပေါင်းခုခံရန် ရွယ်ရွယ်ချက်ဖြစ်သည်ဟုဆိုသည်။ သို့သော် ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ASA ၏ စာရွက်စာတမ်းတွင် ဖြစ်စေ၊ ASEAN ၏ အများသိထုတ်ပြန်သည့် မှတ်တမ်းများတွင်ဖြစ်စေ တစ်စုံတစ်ရာ မတွေ့ရပေ။ ထိုကိစ္စနှင့် စပ်လျဉ်း၍ အာဆီယံခေါင်းဆောင်များအနေဖြင့် ထိုစဉ်က လူသိရှင်ကြား မပြောခဲ့ကြသည့် နိုင်ငံရေးရည်မှန်းချက် (Unspoken Objective) မှာ အင်္ဂလိပ်ကိုလိုနီများ စတင်စွန့်ခွာသွားသည်နှင့် တပြိုင်တည်း အရှေ့တောင်အာရှ ဒေသသို့ ကွန်မြူနစ်ဝါဒီ လှုပ်ရှားမှုများ ဝင်ရောက်ပြန့်နှံ့မှုရန်ကို အတူအတကွ ကာကွယ်ချင်ခဲ့ကြခြင်းကြောင့် ဖြစ် သည်ဟု စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း Lew Kuan Yew က ရှင်းပြခဲ့သည် (Jones, 2010)။
ဒုတိယကမ္ဘာစစ်အလွန် စစ်အေးကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများတွင် ကွန်မြူနစ်လှုပ်ရှားမှု သည် တွင်တွင်ကျယ်ကျယ် ပြန့်နှံ့ခဲ့သည်။ ကိုလိုနီလက်အောက် မရောက်ခဲ့ဖူးသည့် ထိုင်းနိုင်ငံ (ယခင် Siam တိုင်းပြည်ဟုခေါ်တွင်ခဲ့) တွင်ပင်လျှင် ၁၉၆၅ ခုနှစ်တွင် Communist Party of Thailand (CPT) ဦးဆောင်မှုဖြင့် နိုင်ငံအတွင်း ဝင်ရောက်လှုပ်ရှားခဲ့သည်။ CPT သည် ၁၉၇၀ ခုနှစ် ရောက်သည့်အချိန်တွင် တပ်အင်အား ၃၀,၀၀၀ ခန့်ရှိခဲ့ပြီး ဒေသအတွင်း ကွန်မြူနစ်လှုပ်ရှားမှုတွင် ဒုတိယအကြီးဆုံးအင်အားကို ပိုင်ဆိုင်ခဲ့သည်။ မလေးရှား နိုင်ငံတွင်လည်း ၁၉၃၀ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Malaya Communist Party (MCP) ရှိနေခဲ့ပြီး စစ်အေး ကာလအစောပိုင်းတွင် မလေးရှားနှင့် စင်ကာပူတို့၏ ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးကို ခြိမ်းခြောက်သည့် လက်နက်ကိုင်အဖွဲ့ ဖြစ်ခဲ့သည်။ Philippine Communist Party (PCP) သို့မဟုတ် Partido Komunista ng Philipinas သည်လည်း ၁၉၃၀ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ASEAN စုဖွဲ့မှု ပေါ်ပေါက်လာခဲ့သည့် အချိန်တွင် အရှေ့တောင်အာရှတခွင်ရှိ အင်အားအတောင့်တင်းဆုံး ကွန်မြူနစ်လှုပ်ရှားမှုဖြစ်ခဲ့သည်
အာဆီယံနည်းအာဆီယံဟန်၏ အဓိကအယူအဆဖြစ်သည့် ကြားဝင်မစွက်ဖက်ရေးမူသည် အဖွဲ့ဝင်နိုင်ငံ အချင်းချင်းကြား မစွက်ဖက်ရေးတစ်ခုတည်းမဟုတ်ပဲ အဖွဲ့ဝင်မဟုတ်သည့် အခြားဒေသနိုင်ငံများမှ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်မှုကိုပါ အခြေခံခဲ့သည်။ ၁၉၆၇ ခုနှစ် ဘန်ကောက် ကြေညာစာတမ်းအရ ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်ကို လိုက်နာကျင့်သုံးရန်နှင့် ဒေသအတွင်းနိုင်ငံများအကြား ဆက်ဆံရာတွင် တရားဥပဒေစိုးမိုးရေးကို လေးစားလျက် ဒေသအတွင်း တည်ငြိမ်အေးချမ်းသာယာရေးကို မြှင့်တင်ရန်ဟု ဖော်ပြထားသည် (ASEAN, 1967)။ ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်ကို လိုက်နာကျင့်သုံးမည် ဆိုခြင်းသည် အာဆီယံအဖွဲ့ဝင် အချင်းချင်းကြားတွင်သာမကပဲ ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာဆက်ဆံရေးတွင် ဝင်ရောက် မစွက်ဖက်ရေးနှင့် ငြိမ်ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လက်ခံခြင်းဖြစ်သည်။ “နိုင်ငံအချင်းချင်းကြား ဝင်ရောက် မစွက်ဖက်ရေး” ဟူသည့် အသုံးအနှုန်းကို ၁၉၇၆ ခုနှစ် အာဆီယံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို (Treaty of Amity and Cooperation) တွင် ပထဆုံးအကြိမ် ထည့်သွင်းခဲ့သည် (AIPR, 1976)။
အာဆီနည်းအာဆီယံဟန်အပေါ် သီအိုရီနှင့် လက်တွေ့
ကြားဝင်မစွက်ဖက်ရေးမူကို အာဆီယံစုဖွဲ့မှု စတင်ပေါက်လာသည့်အချိန်ကပင် မူအရ စတင်ဆုပ်ကိုင်လာ ခဲ့သော်လည်း လက်တွေ့တွင် အာဆီယံအဖွဲ့ဝင်များကိုယ်ကိုင် အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံအပေါ်တွင်လည်းကောင်း၊ အဖွဲ့ဝင် အချင်းချင်းကြားတွင်သော်လည်းကောင်း အကြိမ်ကြိမ် ချိုးဖောက်မှုရှိခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံနှင့် လာအိုနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအချို့ကို ကွန်မြူနစ်လက်နက်ကိုင် အဖွဲ့များအား တိုက်ခိုက်ရန် ထောက်ပံ့မှုမျိုးစုံ ပေးအပ်ခဲ့သည်။ ဗီယက်နမ်စစ်ပွဲတွင်လည်း ထိုင်း၊ ဖိလစ်ပိုင်နှင့် မလေးရှား သုံးနိုင်ငံစလုံးက စစ်သည်တော်ပို့ဆောင်ခြင်းနှင့် ကွန်မြူနစ်လှုပ်ရှားမှုကို ဆန့်ကျင်သည့် အဖွဲ့အစည်း များကို လက်နက်ထောက်ပံ့ခြင်း၊ စစ်သင်တန်းများ ပေးအပ်ခြင်းစသည်တို့ဖြင့် ပါဝင်ခဲ့ကြသည်
အဖွဲ့ဝင်နိုင်ငံ အချင်းချင်းကြားတွင်လည်း ကြားဝင်စွက်ဖက်မှု မကင်းပေ။ ၁၉၉၉ ခုနှစ် အင်ဒိုနီးရှားနှင့် အရှေ့တီမောအရေးတွင် မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့မှ သံတမန်ရေးအရ ပြင်းထန်သည့် ပြစ်တင် ရှုံ့ချမှုများနှင့် နိုင်ငံရေးဖိအားပေးမှုတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။ သြစတြေးလျနိုင်ငံဦးဆောင်သည့် အရှေ့တီမော အတွက် နိုင်ငံတကာတပ်ပေါင်းစု (INTERFET) တွင် အာဆီယံအနေဖြင့် စစ်ရေးအရ ပူးပေါင်းပါဝင်ရေးကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။ ထိုစဉ်က အာဆီယံ အဖွဲ့ဝင်နိုင်ငံအသစ်များ ဖြစ်လာ သည့် မြန်မာ၊ ဗီယက်နမ်၊ လာအို စသည့် နိုင်ငံများက ပူးပေါင်းပါဝင်ရန် ငြင်းဆန်ခဲ့သော်လည်း ASEAN တည်ထောင်သူ ကျန်လေးနိုင်ငံစလုံးကမူ INTERFET ၏ အစိတ်ပိုင်းအဖြစ် ၎င်းတို့၏ စစ်အင်အားများကို ပံ့ပိုးပို့ဆောင်ခဲ့သည်။ ထိုစဉ်က နိုင်ငံပေါင်း (၂၈) နိုင်ငံက စစ်သည်အင်အားပို့ဆောင်ခဲ့ပြီး စုစုပေါင်းအင်အားအနက် ငါးပုံတစ်ပုံခန့်သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက ပို့ဆောင်ခဲ့ခြင်းဖြစ်သည်
တဖက်တွင် “ကြားဝင်စွက်ဖက်ရေး” နှင့် “ကြားဝင်မစွက်ဖက်ရေး” ဟူသည့် အယူအဆသည် လက်တွေ့ တွင် တိုင်းတာရခက်ပြီး အငြင်းပွားဖွယ်ရာကိစ္စလည်းဖြစ်တတ်သည်။ သာဓကအားဖြင့် လက်ရှိမြန်မာ စစ်အာဏာ သိမ်းမှုကို အာဆီယံက ကြားဝင်ဖြန်ဖျေပေးရန် ကြိုးပမ်းမှုသည် ကြားဝင်စွက်ဖက်မှုဟု ယူဆသူများရှိသကဲ့သို့ ကြားဝင် စွက်ဖက်ခြင်းမဟုတ်ပဲ အာဆီယံ ပဋိညာဉ်အတိုင်း ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ဆိုသူများလည်း ရှိသည်။ ဤကဲ့သို့ အငြင်းပွားဖွယ်ဖြစ်လာသည့် အကြောင်းရင်းမှာ “ကြားဝင်မစွက်ဖက်ရေးမူ” ကို အာဆီယံက တိကျ ရှင်း လင်းသည့် အဓိပ္ပါယ်ဖွင့်ဆိုမှု မရှိခြင်းကြောင့်လည်းဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ Lee Jones (2010) ၏ ကြားဝင်စွက်ဖက်ရေးနှင့် စပ်လျဉ်းသည့် အဓိပ္ပါယ်ဖွင့်ဆိုမှုမှာ စစ်ရေးအရ ကြားဝင်စွက်ဖက်ခြင်း၊ နိုင်ငံရေးအရ ကြားဝင်စွက်ဖက်ခြင်း၊ သံတမန်ရေးအရ ကြားဝင်စွက်ဖက်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအရ ကြားဝင် စွက်ဖက်ခြင်းဟူ၍ အမျိုးမျိုးရှိနိုင်သည်ဟုဆိုသည်။ ဤအဓိပ္ပါယ် ဖွင့်ဆိုမှုကို လက်ခံရမည်ဆိုပါက အာဆီယံ၏ လက်ရှိ မြန်မာနိုင်ငံရေး ပြဿနာအပေါ် ကိုင်တွယ်ပုံသည် သံတမန်ရေးအရ ကြားဝင်စွက်ဖက်ခြင်းနှင့် လူသားချင်းစာနာ ထောက်ထားမှုအရ ကြားဝင်စွက်ဖက်မှုဟုဆိုရမည်ဖြစ်သည်။ ဤသို့ဆိုရလျှင် အာဆီယံနည်း အာဆီယံဟန်ကို အာဆီယံက ကျော်လွန်နေခြင်းလောဟု စဉ်းစားစရာ ဖြစ် လာသည်။
ဒေသတွင်းလုံခြုံရေးနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ရေး (Regional Security and Migration)
၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲပြီးနောက် ကမ္ဘာတလွှားရှိ ကွန်မြူနစ်လှုပ်ရှားမှုလည်း စတင်မှေးမှိန်လာခဲ့သည်။ အရှေ့တောင်အာရှဒေသတွင်လည်း ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှလွဲ၍ ကျန်နိုင်ငံများ တွင် အဆုံးသတ် ပျောက်ကွယ်သွားသည်အထိ ဖြစ်ခဲ့သည်။ ကွန်မြူနစ်ကျဆုံးခြင်း (၁၀) နှစ်ပြည့်သည့် အချိန် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို အကြမ်းဖက် သမားများက တိုက်ခိုက်ခဲ့သည်။ ဤဖြစ်စဉ် (‘၉/၁၁’ဟုသုံးသွားမည်) ကြောင့် အမေရိကန် ပြည်ထောင်စုသာမကပဲ ကမ္ဘာကြီးပါတုန်လှုပ်စေခဲ့ပြီး အထူးသဖြင့် အနောက်နိုင်ငံများအတွက် အကြမ်း ဖက်မှုအန္တရာယ်သည် အထူးစိုးရိမ်စရာ ဖြစ်လာသည်။ ၉/၁၁ တိုက်ခိုက်မှုကိုဆောင်ရွက်သည့် အကြမ်းဖက် အုပ်စု Al Qaeda အခြေစိုက်ရာ အာဖဂန်နစ္စတန် နိုင်ငံကို အမေရိကန်က ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလတွင် ကျူးကျော် တိုက်ခိုက်ခဲ့သည်။ ဤဖြစ်စဉ်နောက်ပိုင်းတွင် ကမ္ဘာ့ဒေသအသီးသီးသို့ အကြမ်းဖက်ဝါဒများ ပျံ့နှံ့လာပြီး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုကြီးဖြစ်လာခဲ့သည်
၉/၁၁ နှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုသည် အရှေ့တောင်အာရှတခွင်တွင်လည်း ပြန့်နှံ့လာခဲ့ပြီး အာဆီယံ ခေါင်းဆောင်များအတွက် လုံခြုံရေးကို မဖြစ်မနေအာရုံစိုက်စရာကိစ္စ ဖြစ်လာသည်။ ၂၀၀၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ (BBC, 2012)၊ ၂၀၀၄ ခုနှစ် တစ်နှစ်ထဲတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ သြစတြေးလျသံရုံးကို ဗုံးခွဲတိုက်ခိုက်မှု
ထို့အပြင် ကွန်မြူနစ်ဝါဒ ကျဆုံးသွားခြင်းနှင့်အတူ စစ်အေးကာလ အပြီးတွင် မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း စသည့် အရှေ့တောင်အာရှဒေသတွင်းရှိ အင်အားကြီး နိုင်ငံများသည် ၎င်းတို့အရင်းရှင်ဝါဒီ ခေါင်းဆောင်များ၏ စျေးကွက်စီးပွားရေးစနှစ် အသုံးတည့်မှုကြောင့် စီးပွားရေးတိုးတက်မှုအပိုင်းတွင် ဦးဆောင်လာသည်။ တစ်ချိန်တည်း တွင် နိုင်ငံရေးမတည်မငြိမ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရသည့် အဖွဲ့ဝင်နိုင်ငံများ လည်းဆက်လက်ရှိနေသည်။ အကျိုးဆက်အဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှောင့်နှေးခြင်း၊ စီးပွားရေးတိုးတက်မှု နောက်ကျကျန်ခဲ့ခြင်းများ ဖြစ်ပေါ်လာပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြား စီးပွားရေးတိုးတက်မှုနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးပိုင်းတွင် ကွာဟမှုများ ရှိလာသည်။ ထိုမှတဆင့် ဆင်းရဲသည့်နိုင်ငံများမှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာနေထိုင်မှုနှင့် ရွှေ့ပြောင်း လုပ်ငန်းရှာဖွေမှုများပြားလာသည်။ ဤကိစ္စသည် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးရှုတောင့်မှ ရှုမြင်ပါက အလုပ်သမား လိုအပ် ချက်အရ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ပေါ်သည်မှာ မှန်သော်လည်း တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်မှုများကို ထိန်းချုပ်ရန်ခက်ခဲလာသည်။ ထို့အပြင် နိုင်ငံရေးပဋိပက္ခနှင့် ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ရာတွင် အလုပ်အကိုင်အခွင့်အလမ်းရှိသည့် နိုင်ငံများကို ရွေးချယ်ရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု အပိုင်းတွင် ရှေ့ပြေးနိုင်ငံများအတွက် ရွှေ့ပြောင်းနေထိုင်ခြင်း သည် စိန်ခေါ်မှုများစွာ ဖြစ်လာသည်။
အာဆီယံ ပဋိညာဉ်ပြဌာန်းခြင်း
အာဆီယံ ပဋိညာဉ်ကို ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် အတည်ပြုပြဌာန်းခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အသက်ဝင်ခဲ့သည်။ ပဋိညာဉ် ရေးဆွဲပြဌာန်း ရခြင်း၏ မူလရည်ရွယ်ချက်မှာ အာဆီယံ၏ စုဖွဲ့မှုသဘောသဘာဝ အပေါ်တွင် ပါရဒိုင်းအပြောင်းအလဲ (Paradigm change) ပြုလုပ်ရန် ရည်ရွယ်သည်ဟု အာဆီယံ ပဋိညာဉ် မူကြမ်းရေးဆွဲရာတွင် ကိုယ်တိုင် ပါဝင် ခဲ့သည့် Professor Tommy Koh က ပြောသည် (ISEAS, 2017)။ ပဋိညာဉ်မရှိခင်က အာဆီယံ၏ စုဖွဲ့မှုပုံစံသည် ကွန်ယက်သာသာ လောက်သာရှိခဲ့ပြီးအင်စတီကျူးရှင်းအပိုင်းတွင် အားနည်းမှုများစွာရှိသည်။ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ သဘောတူညီ ချက်ရယူခြင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခြင်းတို့ကို လုပ်လေ့ရှိသော်လည်း အကောင်အထည် ဖော်မှုအပိုင်းတွင် အားနည်းခဲ့သည်။ ထိုအားနည်းချက်များကို အာဆီယံပဋိညာဉ် ပြဌာန်းပြီးနောက် ကျော်လွှားပြီး အင်စတီကျူးရှင်း အပေါ် အားကိုးရပ်တည်မှုနှင့် တရားဥပဒေစိုးမိုးရေး လမ်းကြောင်းကို ဦးတည်လာသည်ဟု Professor Tommy Koh က သုံးသပ်သည်
အချို့ကလည်း အာဆီယံပဋိညာဉ် ရေးဆွဲပြဌာန်းခဲ့ရခြင်းသည် အာဆီယံကို ဥရောပသမဂ္ဂ (EU) စုဖွဲ့မှု ပုံစံအတိုင်း ပြင်ဆင်ပြောင်းလဲရန် ရည်ရွယ်ချက် ပါရှိသည်ဟု သုံးသပ်ကြသည်။ ၂၀၀၇ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ ဆီဘူး မြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ဖိလစ်ပိုင်သမ္မတ Fidel Ramos က အာဆီယံကို ဥရောပသမဂ္ဂကဲ့သို့ ဥပဒေကြောင်းအရစည်းနှောင်မှု (Legally binding) ရှိသည့် စုဖွဲ့မှုဖြစ်စေရန် ရည်ရွယ်ပြီး လက်တွေ့တွင်လည်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်
ပါရာဒိုင်းပြောင်းလဲနိုင်မှု အလားအလာ (The prospect of paradigm change)
ကြားဝင်မစွက်ဖက်ရေးမူကို မလေးရှားခေါင်းဆောင်များက ပြန်လည်သုံးသပ်ဖို့လိုကြောင်း မကြာခဏ ထောက်ပြလေ့ရှိသည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် ပြုလုပ်သည့် အာဆီယံ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Saifuddin Abdullah က အာဆီယံအနေဖြင့် ကြားဝင်မစွက်ဖက်ရေး “Non-interference principle” မူကို စေ့စပ်သေချာစွာ ပြန်လည် သုံးသပ် သင့်နေပြီဖြစ်ကြောင်း၊ ယင်းအစား အချင်းချင်း လျုစ်လျူမရှုသည့်မူ “Non-indifference principle” ကို သုံးသင့် ကြောင်း အကြံပြုခဲ့သည် ။ ၎င်းပြောကြားချက်သည် လက်ရှိမြန်မာနိုင်ငံအခြေအနေအပေါ် အခြေခံ၍ “အာဆီယံမှာ အဖွဲ့ဝင်ပေါင်း (၁၀) နိုင်ငံရှိတယ်၊ မြန်မာလိုနိုင်ငံမျိုးမှာ ပြဿနာဖြစ်တာက ပြည်တွင်းရေးတော့ ဖြစ်တယ်၊ သို့သော် ဒီကိစ္စက ဒေသတွင်းထိ အကျိုးသက်ရောက်မှု ရှိသွားတယ်၊ ကျန်တဲ့အဖွဲ့ဝင် (၉) နိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာတာကို အသိမှတ်ပြုသင့်တယ်” ဟူ၍ မြန်မာ့နိုင်ငံရေး ပြဿနာက အရှေ့တောင်အာရှဒေသ အတွင်း သက်ရောက်သွားသည်ကို သာဓကယူ၍ ဒေသတွင်းပြဿနာအဖြစ် ရည်ညွှန်းထောက်ပြခြင်းဖြစ်သည် (The Straits Times, 2021) ။
၂၀၁၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ပြဿနာနှင့် ပတ်သက်သည့်ညီလာခံ တစ်ခုတွင်လည်း မလေးရှားဝန်ကြီးချုပ် မဟာသီက အာဆီယံအနေဖြင့် ကြားဝင်မစွက်ဖက်ရေးမူကို ပြန်လည် သုံးသပ်သင့် နေပြီဖြစ်ကြောင်း ထောက်ပြခဲ့သည် (Durian ASEAN, 2015)။ ထိုထောက်ပြချက်သည်လည်း ရခိုင်ပြည်နယ်ပြဿနာက အိမ်နီးချင်းနိုင်ငံနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်နေခြင်းဖြစ်ဟု ထောက်ပြလိုခြင်းပင်ဖြစ်သည်။ မလေးရှားနိုင်ငံသည် မြန်မာ့နိုင်ငံရေးပဋိပက္ခကြောင့် ၎င်းတို့နိုင်ငံအတွင်း ဒုက္ခသည် ဝင်ရောက်မှုနှင့် ရွှေ့ပြောင်းနေထိုင်မှုအရေးတွင် တိုက်ရိုက်အကျိုးသက်ရောက်ခံရမှုများကြောင့် ဖြစ်နိုင် သည်။
ကြားဝင်မစွက်ဖက်ရေးမူကိစ္စရပ်တွင် မလေးရှားခေါင်းဆောင်များသာမကပဲ အခြားအာဆီယံ မူဝါဒချမှတ် သူများနှင့် ပညာရှင်များကလည်း အဖွဲ့ဝင်နိုင်ငံများအတွင်း ကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် လူမှုရေး ပြဿနာများ ကို အာဆီယံအနေဖြင့် ဖြေရှင်းရန် ကြီးမားစွာ အဟန့်အတားဖြစ်နေကြောင်း ဝန်ခံသုံးသပ်ကြသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Dr. Hassan Wirajuda က သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်များအနေဖြင့် မိမိတို့နိုင်ငံအတွင်း ကြုံတွေ့ရင်ဆိုင်ရသော ပြဿနာများတွင် အချင်းချင်း အပြန်အလှန် ပွင့်လင်းပြီး ဖေးမကူညီသည့်နည်းလမ်းဖြင့် သွားသင့်ကြောင်း၊ လက်ရှိတွင် ကြားဝင်စွက်ဖက်ရေးဆိုသည့် အယူ ဝါဒဟောင်းကို ဆက်လက်ဆုပ်ကိုင်သည့် နိုင်ငံခေါင်းဆောင်များ ဆက်ရှိနေသည့်အတွက် အခက်အခဲရှိနေကြောင်း ၎င်းအတွေ့အကြုံကို ရှင်းပြခဲ့သည် (Indonesia, Foreign Policy Community of, 2019)။
အင်ဒိုနီးရှားသည် အာဆီယံဌာနချုပ်ရုံးစိုက်ရာ နိုင်ငံဖြစ်ပြီး အစုအဖွဲ့တည်ထောင်သူ အဖွဲ့ဝင်လည်း ဖြစ်သည့် အပြင် အာဆီယံအဖွဲ့ဝင်များကြားတွင် နိုင်ငံရေးအရ အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်သည်။ မလေးရှားနိုင်ငံသည်လည်း အာဆီယံကို စတင်တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် နိုင်ငံရေးနှင့် စီးပွားရေးအရ သြဇာကြီးနိုင်ငံ ဖြစ်သည်။ ဖေဖော်ဝါရီလ မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံ၏ မြန်မာ့အရေး ကြိုး ပမ်း မှုများတွင်လည်း မလေးရှားသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်နေသည်။ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ သို့ စစ်ခေါင်းဆောင်ဖိတ်ကြားမှု ရပ်ဆိုင်းခဲ့သည့် ဖြစ်စဉ်များတွင်လည်း မလေးရှား၏ အစပြုဖိအားပေးမှုကြောင့် ဟု ဆိုသည်။
ထို့ကြောင့် အာဆီယံတွင် အစဉ်အလာရှိပြီး အင်အားကြီးသည့် နိုင်ငံ့ခေါင်းဆောင်တစ်ချို့က မူဝါဒ ပြောင်းလဲ စေလိုသည့် ပြောဆိုမှုမျိုးသည် နောင်တစ်ချိန်တွင် အမှန်တကယ် ပါရာဒိုင်းအပြောင်းအလဲဖြစ်စေသည့် လမ်းစဖြစ်နိုင် မည်လောဟု ထည့်သွင်းစဉ်းစားစရာဖြစ်လာသည်။ အကယ်၍ မကြာခင်တွင် အာဆီယံနည်း အာဆီယံဟန်၏ မူဝါဒ ဆိုင်ရာပြောင်းလဲမှု ဖြစ်ပေါ်လာပါက မြန်မာ့နိုင်ငံရေး ပြဿနာသည် ထိုပြောင်းလဲမှု အတွက် အခြေခံအကြောင်းရင်း ဖြစ်သွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လတ်တလော အာဆီယံအဖွဲ့ဝင် နိုင်ငံများကြားတွင် အကြီးမားဆုံး နိုင်ငံရေးပြဿနာနဲ့ ရင်ဆိုင်နေရပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် စိုးရိမ်မှုဖြစ်စေသည့် ပြဿနာလည်း ဖြစ်သည်။ အာဆီယံနည်းအာဆီယံဟန် ပြင်ဆင်ပြောင်းလဲရန် ထောက်ပြ ပြောဆိုမှုများမှာလည်း မြန်မာ့ နိုင်ငံရေး ပြဿနာကိုသာ ထောက်ပြလေ့ရှိခြင်းကြောင့်ဖြစ်သည်။ အကြောင်းမှာ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်၊ အာဆီယံ အဖွဲ့ဝင်ဖြစ်လာသည့် အချိန်မှစ၍ နိုင်ငံရေးပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်နေရပြီး ထိုပြဿနာများက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည်ဟု အာဆီယံခေါင်းဆောင်များက ရှုမြင်ခြင်းကြောင့်ဖြစ်သည်။
တဖက်တွင် အာဆီယံပဋိညာဉ်အရသော်လည်းကောင်း၊ လက်ရှိကျင့်သုံးနေသည့် ဆုံးဖြတ်ချမှတ်သည့် ပုံစံအရ သော်လည်းကောင်း ကြားဝင်စွက်ဖက်ရေးမူဝါဒနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်ပုံစံတို့ကို ပြုပြင်ပြောင်းလဲ ရန်မှာ အလွန်ခက်ခဲနိုင်မည့် အနေအထားဖြစ်သည်။ အာဆီယံပဋိညာဉ် ပြောင်းလဲဖို့ရန်အတွက်လည်းကောင်း၊ မူဝါဒချမှတ်ဖို့ ရန်အတွက်လည်းကောင်း အားလုံးသဘာတူဆုံးဖြတ်မှု (Consensus) ကို သုံးရသည့်အတွက် လက်ရှိမူကို ပြောင်းလဲ ရန်ပင် အဟန့်အတားဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် အာဆီယံတွင် အဖွဲ့ဝင် (၁၀) နိုင်ငံ ရှိသည့်အနက် (၅) နိုင်ငံတွင်သာ နိုင်ငံရေးတည်ငြိမ်မှုရှိနေပြီး ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားစသည့် နိုင်ငံတို့သည် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ မကြာခဏ ရင်ဆိုင်ရသည်။ ထိုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်သည့် တိုင်းပြည် အတွက် လက်ရှိကျင့်သုံးသည့် ကြားဝင်မစွက်ဖက်ရေးမူကို ပြောင်းလဲပြင်ဆင်ဖို့လက်ခံရန် အခက်အခဲ ရှိပေလိမ့် မည်။
အာဆီယံပဋိညာဉ် မူကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သည့် Tommy Koh ကလည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံအတွင်း ရှိ တက်ကြွလှုပ်ရှားသူများနှင့် အစိုးရမဟုတ်သည့် လူမှုအဖွဲ့အစည်းများက အာဆီယံနည်း အာဆီယံဟန် ဖြစ်သည့် အများဆန္ဒဖြင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ကြားဝင်မစွက်ဖက်ရေးမူဝါဒတို့ကို ပြောင်းလဲပြင်ဆင်ရန် လိုလားကြောင်း ဝန်ခံခဲ့သည် (ISEAS, 2017)။ သို့သော်၎င်းက ဤနှစ်ချက်သည် အာဆီယံ၏ တမူထူးခြားသည့် စုဖွဲ့မှုလက္ခဏာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအတွင်း စည်းလုံးညီညွတ်မှုပေးသော အရေးကြီးသည့် အခြေခံမူဝါဒဟု ကာကွယ်ပြောဆိုသည်။ လူမှု အဖွဲ့အစည်းများ၏ တောင်းဆိုချက်အရ ဆုံးဖြတ်ချက်ချမှတ်သည့် ပုံစံကို အများ သဘောဆန္ဒဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်း (Majority decision making) ဖြင့် ပြင်ဆင်ပြောင်းလဲခြင်း၊ ကြားဝင်စွက်ဖက်မှုကို တံခါးဖွင့်ပေးခြင်းစသည့် ပြောင်းလဲပြင်ဆင်မှုမျိုး ပြုလုပ်ခဲ့ပါက အစုအဖွဲ့ပြိုကွဲသွားသည်အထိ ဖြစ်သွားနိုင်ကြောင်း သုံးသပ်သည်။ သို့သော် အာဆီယံပဋိညာဉ်သည် လိုအပ်ချက်များစွာ ရှိနေသေးကြောင်းနှင့် ပြင်ဆင်ရန်လိုအပ်သည့် အချက်များစွာရှိနေကြောင်း ကိုမူ ဝန်ခံခဲ့သည် (ISEAS, 2017)။
References
AIPR. (1976). TREATY OF AMITY AND COOPERATION IN SOUTHEAST ASIA. Retrieved from ASEAN Institute for Peace and Reconciliation: https://asean-aipr.org/wp-content/uploads/2018/07/Treaty-of-Amity-and-Cooperation-in-Southeast-Asia-1976-TAC.pdf
ASEAN. (1967, August 8). THE ASEAN DECLARATION (BANGKOK DECLARATION). Retrieved from ASEAN: https://agreement.asean.org/media/download/20140117154159.pdf
ASEAN. (2003, January 1). ASEAN Regional Forum (ARF) Statement on Cooperative counter-terrorist action on border security. Retrieved from ASEAN: https://asean.org/asean-regional-forum-arf-statement-on-cooperative-counter-terrorist-action-on-border-security/
BBC. (2012, October 11). The 12 October 2002 Bali bombing plot. Retrieved from BBC: https://www.bbc.com/news/world-asia-19881138
Conde, C. H. (2007, January 12). Asean pursues EU-style regional integration . Retrieved from The New York Times: https://www.nytimes.com/2007/01/12/world/asia/12iht-asean.4187596.html
Durian ASEAN. (2015, June 16). 20150616 ASEAN Daily: Asean should relook its non interference policy and other news. Retrieved from Youtube: https://www.youtube.com/watch?v=dMNOrW3Rpt0
HRW. (2007, July). LIVES DESTROYED-Attacks Against Civilians in the Philippines. Retrieved from Human Rights Watch: https://www.hrw.org/sites/default/files/reports/philippines_lives_destroyed.pdf
Indonesia, Foreign Policy Community of. (2019, June 28). Foreign Policy Tapes with Dr. Hassan Wirajuda - ASEAN Charter (Democracy & Non-Interference). Retrieved from Youtube: https://www.youtube.com/watch?v=wHikaMw3Rek
ISEAS. (2017, August 16). The ASEAN Charter at 10: Prospects and Retrospect. Retrieved from ISEAS - Yusof Ishak Institute: https://www.youtube.com/watch?v=Vyrwni8exz8
Jones, L. (2010). ASEAN's unchanged melody? The theory and practice of 'non-interference'. The Pacific Review, 479-502.
Mapes, T. (2004, September 10). Bomb in Jakarta Kills Nine Outside Australian Embassy. Retrieved from The Wall Street Journal: https://www.wsj.com/articles/SB109470585484313350
News Sone. (2011, September 10). 10 Terror Attacks Post 9/11. Retrieved from News Sone: https://newsone.com/1519865/10-terror-attacks-post-911/
The Straits Times. (2021, October 21). Asean should rethink non-interference policy amid Myanmar crisis: Malaysia Foreign Minister. Retrieved from The Straits Times: https://www.straitstimes.com/asia/se-asia/asean-should-rethink-non-interference-policy-amid-myanmar-crisis-malaysia-foreign