Friday, December 24, 2021

အာဆီယံနည်းအာဆီယံဟန်၏ အခြေခံအယူအဆ ပြင်ဆင်ပြောင်းလဲမှု ရှိနိုင်မည်လော (Has there been a paradigm shift in ASEAN Way?)

အရှေ့တောင်အာရှ နိုင်ငံပေါင်း (၁၀) နိုင်ငံဖြင့် စုဖွဲ့ထားသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) သည် ကမ္ဘာ့အလယ်တွင် ပထဝီအနေအထားအရ နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားရေးနှင့် လုံခြုံရေးတို့အတွက် အချက် အချာကျသည့် ဒေသတွင်း အဖွဲ့အစည်းဖြစ်သည်။ အရှေ့အာရှ နိုင်ငံများ၊ အနောက်နိုင်ငံများနှင့် အင်အားကြီး နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဥရောပသမဂ္ဂ(EU) တို့နှင့် အစုအဖွဲ့အလိုက်သော်လည်းကောင်း၊ နိုင်ငံ တစ်ခုချင်းစီ အလိုက်သော်လည်းကောင်း၊ ကဏ္ဍအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဘက်ပေါင်းစုံ အကျိုးစီးပွားအတွက် ချဉ်းကပ်ခံရသည့် ASEAN (‘အာဆီယံ’ ဟုသုံးနှုန်းသွားမည်) သည် ဒေသအတွင်း နိုင်ငံရေး ပဋိပက္ခနှင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးပြဿနာ ဖြစ်ပေါ်လာသည့်အခါ အခြားဒေသရှိ နိုင်ငံတကာ အသိုင်း အဝိုင်းက စိတ်ဝင်တစား စောင့်ကြည့်ခံလေ့ရှိသည်။ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး ပြဿနာတွေမှာလည်း သံတမန်ရေး အရ ကြားဝင်စွက်ဖက်ခံရမှုများလည်းရှိခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လျက် ရှိသည့် နိုင်ငံရေးပြဿနာ၊ ပြည်တွင်းစစ်တို့နဲ့ စပ်လျဉ်း၍လည်း နိုင်ငံတကာအသိုင်းအဝိုင်းက အာဆီယံ၏ အခန်းကဏ္ဍ ကို အလေးထားစောင့်ကြည့်လျက်ရှိပြီး သံတမန်ရေးအရ တွန်းအားပေးမှုများလည်း လုပ်လာကြသည်။